International News

စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Last Updated:

စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ၂၀၂၀ ခုနှစ်၊ ဒုတိယ (၃)လပတ် (ဧပြီလမှ ဇွန်လအထိ) တွင် ၂.၉ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည့်အတွက် ပထမ(၃) လပတ်တွင် ပေါ်ပေါက်ခဲ့သော ၂.၄ ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ကြောင်းနှင့်  ကမ္ဘာ့ငွေကြေးအကျပ် အတည်းကာလနောက်ပိုင်း အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယ (၃) လပတ်တွင် စင်ကာပူနိုင်ငံသားများ၏ အလုပ်လက်မဲ့ဦးရေသည် ၇၉,၆၀၀ ဦး၊ စင်ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရရှိသူ များကို စုပေါင်းထားသောစာရင်းအရ အလုပ်လက်မဲ့ဦးရေမှာ ၉၀,၅၀၀ ဦးဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယ (၃) လပတ်အတွင်း စင်ကာပူတွင် လာရောက် လုပ်ကိုင်နေကြသော အိမ်အကူလုပ်သားများမပါဝင်ဘဲ စင်ကာပူနိုင်ငံသားများ၊ အမြဲ တမ်းနေထိုင်ခွင့်ရရှိသူများနှင့် စင်ကာပူတွင် အလုပ်လုပ်ခွင့် ရရှိသူများပါဝင်သည့် စင်ကာပူနိုင်ငံ၏ စုစုပေါင်းအလုပ်လက်မဲ့ဦးရေမှာ ၁၂၁,၈၀၀ ဦး ဖြစ်ပေါ်ခဲ့သည့်အတွက် ပထမ (၃) လပတ်တွင် ပေါ်ပေါက်ခဲ့ သည့် အလုပ်လက်မဲ့ဦးရေ ၂၅,၇၀၀ ဦးထက် (၅) ဆနီးပါး မြင့်တက်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

 စင်ကာပူ၏ စီးပွားရေးမှာ ကမ္ဘာ့စီးပွားရေးနှင့် များစွာချိတ်ဆက်မှုရှိနေသောကြောင့် လုပ်ငန်းများသည် ကမ္ဘာ့ဝယ်လိုအားအခြေအနေကို သတိကြီး စွာစောင့်ကြည့်နေရသဖြင့် အနာဂတ်၏ အလုပ်အကိုင်အခြေအနေသည် မသေချာမှုများရှိသေးကြောင်း၊ ဒုတိယ (၃) လပတ်အတွင်း အလုပ်လက်မဲ့ နှုန်း မြင့်တက်လာခဲ့သောလုပ်ငန်းများမှာ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ လက်လီရောင်းဝယ်ရေးလုပ်ငန်းများ၊ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်ပြီး၊ အခြား ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အလုပ်လက်မဲ့ဖြစ်ပေါ်မှု ပိုမိုသက်သာလာခဲ့ကြောင်း လူ့စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး Mrs Teo က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံရှိ လုပ်သက်အလယ်အလတ်ရှိပြီးဖြစ်သော အလုပ်အကိုင်ရှာဖွေနေသူများအတွက် ထောက်ပံ့ကြေးစရိတ်ရမည့် လုပ်ငန်းခွင်သင်တန်း အစီအစဉ်များအား တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်းကို ဒုတိယဝန်ကြီးချုပ် Mr Heng Swee Keat က ၂၉- ၇ - ၂၀၂၀ ရက်နေ့တွင် အသိပေး ကြေညာခဲ့ပြီး၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ လူဦးရေ ၁၃,၀၀၀ ကျော်အထိ လုပ်ငန်းခွင်၌ တွဲဖက်ခန့်ထားမည့်အစီအစဉ်ကို စတင်လျှောက်ထား နိုင်ပြီဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့နှင့် လုံးဝအံဝင်ခွင်ကျရှိမည့် လုပ်သားများ ရရှိနိုင်မည်မဟုတ်သော်လည်း စိတ်ပါဝင်စား သည့် လုပ်သားများကို တွဲဖက်ခန့်ထားသွားကြရန် တိုက်တွန်းထားပြီး၊ သို့မှသာ ကိုဗစ် ၁၉ အလွန်ကာလတွင် ပိုမိုခိုင်မာတောင့်တင်းစွာဖြင့် ပြန်လည်ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: International News